lovetheworld - lwanpaishin Diary
Sept
11
2011

လည်ပြန်ကြည့်မိတော့

ပန်းကလေးတွေတပွင့်ချင်း တပွင့်ချင်း
စိတ်တိုင်းကျရွေးချယ်လို့
စနစ်တကျသီကုံးခွင့်ရသလို....
ကိုယ့်ရဲ့နေ့ရက်တွေကို စိတ်တိုင်းကျ
ရွေးချယ်တည်ဆောက်ခွင့်ရမယ်ဆိုရင်
လောကကြီးသိပ်သာယာသွားမလား.....
ရွေးချယ်ဆက်သီခဲ့တဲ့အိမ်မက်တွေ
အရောင်ပြောင်းလာတဲ့အခါ.....
ခံနိုင်ရည်ဟာပိုပြီးလိုအပ်လာတယ်
တနေ့တခြားလင်းလက်တောက်ပလာတဲ့
လောကဓံအလင်းအောက်မှာ
ငါ့အရိပ်ဟာမည်းနက်နေခဲ့တုံး........
အတိတ်တွေကိုလည်ပြန်လှည့်ကြည့်တဲ့အခါတိုင်း
နှစ်လိုစရာကောင်းတဲ့ ရနံ့တစ်ခုတော့ရတတ်တယ်
ဒါပေမယ့် သူဟာ..........
ဖမ်းယူဆုပ်ကိုင် ပိုင်ဆိုင်နိုင်တဲ့အရာမှ မဟုတ်ပဲကွယ်...........။......။

့                                                       မွန်းခန့်ရှင်း

Sept
11
2011

ရင်ဘတ်ရပ်ဝန်းကိုဗဟိုပြုလျက်

သံယောဇဉ်ကတဖြည်းဖြည်းနဲ့
ထုထည်ကြီးကြီးလာတယ်
ထိန်းနိုင်တုံးဘာမှမဖြစ်ပေမဲ့
ထိန်းချုပ်လို့မရတော့ရင်
သံယောဇဉ်နာဂစ်ကြီးတစ်ခုဖြစ်ပေါ်သွားနိုင်တယ်
ဒါပေမယ့်..................
မင်းတယောက်တည်းအပေါ်မှာပါ
ငါ့ရဲ့ရင်ဘတ်ရပ်ဝန်းကို
ဗဟိုပြုရင်းပေါ့.....................။
                         

                              မွန်းခန့်ရှင်း

Sept
11
2011

လ နဲ့ လူ

တမ်းတတဲ့နေ့တွေပြန်ကြည့်ရင်
ဝင်သွားတဲ့နေတွေကြောင့်
စကြာဝဠာကြီးအလင်းရှိမှာမဟုတ်ဘူး............
လွမ်းရတဲ့နေ့တွေပြန်ကြည့်ရင်
ကြွေသွားတဲ့ကြယ်တွေကြောင့်
ညစဉ်မှာလပဲသာလိမ့်မယ်.................
လမင်းတောင်ငိုတော့မယ်
ကျနော့်အဖြစ်ကြောင့်ပေါ့
ဒါပေမဲ့.....ဖြစ်နိုင်ရင်
ကျနော့်သံယောဇဉ်တွေနဲ့
နေမ၀င်အောင်ထိန်းထားချင်တယ်
လမင်းဝမ်းနည်းရမှာကိုမကြည့်ရရင်ကောင်းမယ်လေ
ချစ်သူရော လသာရင်
ဝမ်းနည်းဘူးလားလို့မေးချင်လိုက်တာ.................။ ။
                                             
                                          မွန်းခန့်ရှင်း

                                                 

Sept
11
2011

တစ်ဘ၀စာ လွမ်းနေဦးမှာပါ ချစ်သူ

မေ့ပစ်လိုက်ဖို့ ပြောရက်ခဲ့တဲ့မင်း

မင်းကိုငါ ချစ်ခဲ့တာ မေ့ပြစ်ဖို့မှမဟုတ်တာ

ငါ့အချစ်က ခဏတာ မဟုတ်ဘူး

တစ်ဘ၀စာဆိုတာ ငါကိုယ်တိုင်အသိဆုံးပါ

မျှော်လင့်ချက်ကင်းတဲ့ အချစ်နဲ့ မင်းကိုချစ်ခဲ့တာ

မင်းကလွဲရင် ကျန်တာတွေ

ဘာတစ်ခုမှ မတပ်မက်ခဲ့ပါဘူး

မင်းနဲ့ငါ ပတ်သတ်ခဲ့တာတွေဟာ အိပ်မက်မဟုတ်ဘူး

အဖြစ်အပျက်တွေကသက်သေပဲ မင်းလဲသိမှာပါ

ဟိုအရင် မင်းနဲ့ငါ ချစ်ခဲ့ ကြည်နူးခဲ့တာတွေကို

ဘယ်လိုအစွမ်းနဲ့ ငါမေ့လို့ရမှာလဲ ၊

အတိတ်ကိုပြန်တွေးမိရင် ပစ္စုပ္ပန်မှာနေရခက်သလို

အနာဂတ်ကိုလည်း ရင်ဆိုင်ဖို့ အင်အား မဲ့ခဲ့ရပြီ

မင်းရဲ့ ရက်စက်မှု ဓါးသွားအောက်မှာ ငါဟာ

အလဲလဲအပြိုပြိုနဲ့ အခါခါကျရှုံးခဲ့ပြီးပြီ၊

ပထမ မရရင် ဒုတိယမပြောနဲ့

နှစ်သိမ့်ဆုတောင် မလိုချင်တတ်ခဲ့တဲ့ငါ

နင်မရှိတော့တဲ့နောက် ဘာတွေကိုမျှော်လင့်ရမှာလဲ

မင်းကြောင့်ကွဲခဲ့တဲ့အသည်း ဘာနဲ့မှပြန်မဆက်လိုဘူး

မင်းထားခဲ့တဲ့ဒဏ်ရာတွေကို ရင်ထဲမှာ

အမှတ်တရ သိမ်းဆည်းရင်း မင်းကိုငါ

တစ်ဘ၀စာ လွမ်းနေဦးမှာပါ ချစ်သူ ။

Sept
11
2011

ခြောက်လှန့်နေဆဲဒဏ်ရာ

မင်းခွဲခွာသွားတဲ့ အချိန်ကစပြီး

ငါ့ရဲ့မျှော်လင့်ချက်တွေဆိုတာ

အပင်အိုကကြွေကျတဲ့ ရော်ရွက်ဝါတေ၊ွလို

လေတိုက်တိုင်းမှာ လွင့်ပြယ်ကုန်ပြီ

နေ၀န်းနီနီရုတ်သိန်းချိန်တိုင်းမှာ

ဒူးထောက်ကျရှုံးရင်း ခံစားချက်တွေ

အဖော်မဲ့နေခဲ့ရပြီ.............

ငါတစ်ယောက်ထဲလွမ်းဆွေးနေရင်း

ငှက်တစ်သိုက်ကလှောင်ပြောင်သွားကြသည်

ငါ့ဘေးကနေ၀န်းကြီးကတောင်

သရော် နေသယောင်

မင်းပေးတဲ့ ဒဏ်ရာ ဒဏ်ချက်တွေက

ငါ့ဘ၀ရဲ့စာမျက်နှာသစ်တိုင်းမှာ

တစ္ဆေတစ်ကောင်လို အမြဲခြောက်လှန့်နေဆဲပါ

                                                               လွမ်းပိုင်ရှင်         

Sept
10
2011

မင်းရဲ့အချစ်နဲ့ နိုးထခွင့်ပြုပါ

အချိန်တိုင်း စက္ကန့်တိုင်း မဟုတ်ပေမယ့်

နေ့တစ်နေ့ရဲ့ အစိတ်အပိုင်း အတော်များများမှာ

မင်းကိုသတိရနေမိတယ်

ငါ့ရဲ့မျှော်လင့်ခြင်းနဲ့ လိုအပ်ခြင်းဟာလဲ

မင်းတစ်ယာက်တည်းပါ

မင်းမရှိရင် မနေနိုင်တာ မဟုတ်ပေမယ့်

ငါမနေတတ်ဘူးဆိုတာ ၀န်ခံပါတယ် ချစ်သူ

တိုက်ဆိုင်မှုမရှိဘဲ သတိရခဲ့တာ

မင်းကလွဲလို့ ဘယ်သူမှ မရှိခဲ့ပါဘူး

မင်းနဲ့တွေ့မှ နိုးထလာတဲ့ ငါ့နှလုံးသား

မင်းရဲ့အချစ်နဲ့ နိုးထခွင့်ပြုပါ ။

Sept
8
2011

တော်လှန်ရေးနေ့တွင်ဆရာဇော်ဂျီရေးသားခဲ့သောတော်လှန်ရေးနေ့ဆုတောင်း

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း

သင်းတို့စိတ်ပြောင်း တို့လည်းပြောင်းဝယ်

မကောင်းအစ နှောင်းမလှ

အကြောင်းပြကြ တပေါင်းလ

ကဇောင်းထကြ ခတောင်းစ

ထိုသတင်းကြောင့်

မြို့တွင်းတပ်စွဲ နိပွန်ရဲတို့

မြို့ထဲသူတပ် မြို့ကိုပတ်၏

လှံခွပ်နေရောင် တပြောင်ပြောင်နှင့်

နင်းမှနှိပ်မှ စစ်မာန်ပြ၏

အာရှလူငယ် လူမမည်တို့

အံ့ဖွယ်နေနီ တို့စစ်သည်ကို

ရုံးရည်ဖက်ပြိုင်ဘယ်ခံနိုင်အံ့

လှန့်လည်း လှန့်၏

မခန့်စတောင်းအဟန့်ကောင်းတို့

ကဇောင်ရွာဆီ တိုက်မည်ချီသော်

မြို့ပေါ်ကျန်ရှိ မိရင်း ဖရင်း

သားချင်းဘ၀ ကြင်နာစတို့

ညှိုးလျမျက်နှာ မသာယာကို

ငါလည်းမြင်မိ မချိ

တစ်ရက်နှစ်ရက် သုံးလေးရက်တည့်

ငါးရက်ကကျွံ ခြောက်ရက်လွန်တည့်

နိပွန်တပ်ခေါက် ပြန်မရောက်ခဲ့

နောက်ထပ်တစ်ဖန် ဆယ်ရက်လွန်လည်း

နိပွန်ခြေရာ တက်မလာခဲ့

ကြားပါလေစ အိုမမတို့

မိုးကျလက်နက် လူငယ့်လက်တွင်

စင်္ကြာနေနီ ကဇောင်းဆီဝယ်

ချီသမျှမြုပ် တပ်မရုပ်ဘဲ

အပြုတ်ခံကျ ဇာနေယျဟု

ချီးပစကား ကြားလိုက်ရသော်

မြို့တော်တိုကျို မြို့ထိုထိုက

အိုအိုမင်းမင်း မိရင်းဖရင်း

သားချင်းကစ အိမ်ရှင်မတို့

ညှိုးလျမျက်နှာ မသာယာကို

ငါ့မှာတွေးကြည့် ကြေကွဲမိ

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း

သင်းတို့စိတ်ဝယ် နယ်ချဲ့စိုးမိုး

မုဆိုးစင်စင် မဖြစ်စေချင်

ငါတို့တွင်လည်း

ဘ၀င်မကျ ဘ၀မပြောင်

သားကောင်စင်စစ် မဖြစ်စေလို

ကွင်းရလို၏

ကြာညိုငါးခိုင် အမွှေးတိုင်နှင့်

ညွတ်ယိုင်ဆုခြွေ အမျှဝေသည်

မွေတော် တိဂုံရိပ်မှာတည်း

                                      ဆရာဇော်ဂျီ

Sept
8
2011

သံယောဇဉ်

သံယောဇဉ် တပင်တည်းရင်ထဲကနွယ်
ခက်ညွန့်သန်နုသစ်လို့
ရစ်ပတ်နှောင်တွယ်
သံယောဇဉ်ဆိုတာရယ်
နွယ်လေးတစ်ပင်ပဲပေါ့
ရာသီတွေဘယ်လိုပြောင်းပေမဲ့
ခေါင်းထောင်လို့ကျော့
                          မောင်စိန်ဝင်း(ပုတီးကုန်း)

Sept
8
2011

အိန္ဒိယဆန်တိုက်ပွဲသို့

လူဆိုတာက

စားမှဝတ်မှနေလို့ရတယ်

လူဆိုတာက

စားရ၀တ်ရနေလို့ရအောင်

လုပ်ကြကိုင်ကြ အားထုတ်ရတယ်

လုပ်ကြကိုင်ကြ အားထုတ်ကြလည်း

စားရ၀တ်ရမမျှတတော့

နူတ်က လက်ဆန့်တောင်းဆိုမယ်

တောင်းမရရင်ခိုးကြမယ်

ခိုးမရရင်လုကြမှာပေါ့

လုမရရင်တိုက်ကြမှာပဲ

မသေရဲလည်း မငတ်ရဲတော့

သတ်ရဲဖြတ်ရဲ လုရဲရတယ်

ခိုးရဲဝှက်ရဲ တိုက်ရဲတယ်

ဂင်္ဂါ၊ အိန္ဒူ၊ မြစ်နှစ်ခုကြား

ဆူညံသွားပြီကြားကြမှာပေါ့

ပေးပါ ဆန်.......ဆန်

ပေးပါ ဆန်တဲ့

လက်ခံတောင်းတာမရလာလို့

ခုခါလက်သီးဆုတ်ကုန်ပြီ

မည်းလိုမည်း ဖြူလိုဖြူ

ဟိန္ဒူ၊ မွတ်စလင်

ဇာတ်ပင်ခြားခြား မခြားခြား

မစားရသူခြင်း၊ ဇာတ်တူခြင်းမို့

လက်ခြင်းတွဲကြ တောင်းဆိုကြပေါ့

ပေးကြပါဟေ့ ဆန်......ဆန်တဲ့

ခိုးကာဝှက်တာ၊ ဘယ်ဘာသာမှ

မကြိုက်ကြလည်း တိုက်ကြခိုက်ကြ

လုယက်ကြပြီ

ဆန်စ၊ ဆီစ၊ ဆားတွေရအောင်

ဆဲကြဆိုကြ၊ ဆူကြပူကြပေါ့

ဆီးကြဆိုကြရမယ်မထင်

ဆန်ရေစပါး၊ လိုပါငြားလည်း

စပါးမစိုက်၊ စစ်ပင်စိုက်လို့

သီလိုက်ပါလေ ကျည်ဆံချည်း

ဆန်တွေပေးပါတောင်းကြခါတိုင်း

ပေးမှာကတော့ ဒါပဲ ဒါပဲ ကျည်ဆံပဲ

ကျည်ဆံရရ၊ ဆန်ရရ

လူထုကတော့မဆုတ်နဲ့

အိန္ဒိယသား..ရဲဘော်များတို့

တောင့်ထားကြဟေ့ တိုက်ကြဟေ့

ဆန်လုကြဟေ့ ဆန်လုဟေ့

သူဠေးများရဲ လယ်များ ယာများ

ကျီကြများကို လုပ်သားပိုင်အောင်သိမ်းကြဟေ့

လုပ်သားခေတ်သာရောက်ခဲ့ပါရင်

ဘာကိုမဆို ပြည်သူလိုရာ

ဆီဆိုဆီ၊ ဆန်ဆိုဆန်

ကြွယ်ဝပါလိမ့် ပြည့်စုံလိမ့်မယ်

ပြည်သူခေတ်ကျပေါကြွယ်ဝလို့

ခိုးရ၀ှက်ရ၊ လုယက်ရတာ

မလိုပါပြီ

ထိုအခါအူမ တောင့်လိမ့်မယ်ကို

ဆန်တိုက်ပွဲက လမ်းစရပြီ

ရတဲ့လမ်းစ ချီတက်ကြပေါ့

လောကသစ်ကို တည်ကုန်လော.....။

                                            မောင်စွမ်းရည်

Sept
7
2011

“တို့ တိုင်းပြည်”

“တို့ တိုင်းပြည်”
- ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေဝယ်
စေတီ စပါး၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
ယာစကာမျိုး၊ တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေရ၊ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
- ထလော့မြန်မာ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ၊ တို့ ရွာမြေဝယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား၊ များလည်းများ၏
များပါလေလဲ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ၊ ကာလကြာလျှင်
မြင်သာမြင်ရ၊ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
- ထလော့မြန်မာ၊ မြန်မာထလော့
အားမပျော့နှင့်၊ မလျှော့လုံ့ လ
သူကစ၍၊ ငါကအားလုံး
လက်ရုံးများမြောင်၊ ဥာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ၊ ဆောင်ကြလေလော့
ဤမြေဤရွာ၊ ဘယ်သူ့ ရွာလဲ
ဤရွာစပါး၊ဘယ်သူ့ စပါးလဲ
ထားလော့တာဝန်၊ ပွန်လော့လုပ်ငန်း
ဥာဏ်ရှေ့ ပန်း၍
တဝမ်းတစိတ် ညီစေသတည်း။

(ဆရာ ဇော်ဂျီ) အမှတ်တရ- ၁ ။
အလယ်တန်း ကဗျာလက်ရွေးစင် ( ၁၉၆၇ - ခု။ )

Sept
7
2011

ချစ်သူပေးတဲ့ဒဏ်ရာ

အဲဒီမနက်ခင်းမှာပေါ့

ဖြူစင်တဲ့ငါ့စိတ်ကိုမှ
အရောင်ဆိုးချင်မှတော့
ငါ့နှလုံးသားနာကျင်

ငါ့စိတ်မှာဒဏ်ရာရခဲ့ရပေါ့
နင်ကကောင်းကင်ပေါ်
တိမ်တွေဆီမှာမှထိုးစိုက်ထားတဲ့
ပန်းတစ်ပွင့်လို

အစွမ်းကုန်ဖူးငုံလှပလို့
ငါကနင့်ထည်ဝါမှုအောက်မှာ
ပျောက်ဆုံးသွားရတဲ့
မြေဆီလွှာအမှုန်အမွှားလေးတစ်မှုံပါ
မရေရာတဲ့ လောကကြီးထဲ


အချစ်ဆိုတာကို ဖွေရှာမိတော့

မသေချာမှုတွေရဲ့ကြား

ရင်မောနေရသူက ငါပါ...

နင်ကတော့...

အတိတ်ဟောင်းက ရင်ခုန်သံတွေကို

တမ်းတနေတုန်းပဲလား…….?



မြင်နိုင်မယ်ဆိုရင်

ငါ့ရဲ့ရင်ထဲ

ခဏလောက်ဝင်ကြည့်လှည့်ပါ

ချစ်သူပေးတဲ့ဒဏ်ရာဆိုတာ





နှလုံးသားရဲ့ အတွင်းဆုံးအလွှာအထိ

အမြစ်တွယ်တတ်ပါသတဲ့..

နင်မသိခဲ့ပါဘူး

နင့်ကိုသတိတရ မက်တဲ့အိပ်မက်

နိုးထချိန်အထိ

မျက်ရည် စက်လက်နဲ့လေ

မျှော်လင့် မိပါတယ်

နင့်ရဲ့အချစ်တွေ

ငါ့အတွက် သီးသန့်ဖြစ်လာမယ့်

တစ်နေ့နေ့မှာ

အဆုံးမဲ့တဲ့ငါ့ အချစ်တွေက

ပေးဆပ်ခြင်း သက်သက်ဆိုလည်း

ဒဏ်ရာတွေကိုမမှုပါဘူး

နင်ပျော်ဖို့အတွက်

ထာဝရ ပေးဆပ်နေပါမယ်

ချစ်သူ ...။

Sept
7
2011

အထပ်ထပ်ပုံဖော်မိတဲ့နင့်ပုံရိပ်တွေ


ယုံပေးပါ..ချစ်သူ
အခုရွာတဲ့မိုးရေထဲမှာ..
နာကြင်စွာ ကျတဲ့
မျက်ရည်တွေရှိနေတုန်းပဲလို့
ယုံတမ်းစကားလေးလိုပဲသဘောထားပြီး
နင်ယုံပေးပါ အချစ်ရယ်........
ညဘက်တွေလမ်းလျှောက်တိုင်းမှာ...
ငါ့ရဲ့ညာဘက်တစ်နေရာမှာ
စိတ်ကူးနဲ့ရူးမိတဲ့နင့်အရိပ်လေး..
ငါ့ခြေလှမ်းတွေ တုံ့နှေးစေတယ်ဆိုတာ..
နင်ယုံပေးပါအချစ်ရယ်........
မော့ကြည့်မိတဲ့အဆုံးအစမဲ့

ကောင်းကင်ပေါ်မှာ
အထပ်ထပ်ပုံဖော်မိတဲ့နင့်ပုံရိပ်တွေ
ဒါဟာ..သတိတရ

ငါ့ရဲ့အလွမ်းတွေတဲ့လေ..
နင်ယုံပေးပါအချစ်ရယ်....
တမ်းတတာတွေလွန်ကဲလာလို့
မက်တဲ့အိပ်မက်တွေထဲမှာ
နင်ပါဝင်နေခဲ့တာဟာ ..........
ငါ့အတွက်တော့ ရှားရှားပါးပါး

ဆုလာဘ်လိုပါဆိုတာ
နင်ယုံပေးပါအချစ်ရယ်...............

Sept
7
2011

စောင့်မြဲစောင့်နေလျှက်ပါလို့

  • တစ်ချိန်ကပေါ့ စွေခဲ့တဲ့မိုးရေစက်တွေ

  • နင့်ရာသီကစွန့်ခွာချိန်ကစပြီး

  • ငါတစ်ယောက်ထဲ ကျန်ရစ်နေခဲ့တယ်

  • နင်ပတ်ဖျန်းခဲ့တဲ့ မိုးရေစက်တွေ

  • အောက်မှာ ပျော်ရွင်စွာနေ့ရက်တွေကို

  • ဖြတ်သန်းရင်း သူနဲ့အတူလမ်းမကြီးတွေပေါ်မှာ

  • လျှေက်လှမ်းခဲ့ကြတာ နင်လည်းသိတာပေါ့

  • ငါတို့အခုတော့ ဝေသွားခဲ့ပြီလေ

  • နင်ကတော့ ရာသီစက်ဝိုင်းပြောင်းလဲတိုင်း

  • ရောက်ခဲ့ပေမဲ့ သူကတော့ရောက်မလာ

  • ခဲ့တာကြာပေါ့ ကြုံရင်ပြောပေးပါ

  • နင်ရောက်လာတဲ့ ရာသီတိုင်း

  • ငါအခုချိန်ထိ သူထားသွားတဲ့

  • မိုးရေစက်တွေအောက်မှာ

  • စောင့်မြဲစောင့်နေလျှက်ပါလို့ ......။
                                  လွမ်းပိုင်ရှင်

Sept
7
2011

မွန်းကျပ်လာတဲ့ ငါ

  • မွန်းကျပ်လာတဲ့ ငါ
  • ဘ၀ကမွန်းကျပ်စရာတွေများလာတယ်
  • အရာရာကို အရှုံးပေးပြီး
  • အဝေးဆုံးကို ထွပ်ပြေးဖို့
  • အကြိမ်ကြိမ် ကြိုးစားမိတယ်
  • အခုချိန်ထိတော့မအောင်မြင်သေးဘူး...........
  • ကို့ကိုယ်ကို လဲမကျအောင်
  • ကြိုးစားထိန်နေတဲ့ကြားက
  • ရှေ့ကိုတိုးဖို့ နောက်က
  • တွန်းအားတွေပေးနေုပြန်တယ်
  • ငိုချလိုက်မယ်လို့ စိတ်ကကူလဲ
  • မျက်ရည်ကကျမလာဘူး
  • ဟန်ဆောင်မှုတွေနဲ့ ချိုသာသလိုပြုံးပြရတာ
  • ငါမောလာပြီ ................
  • ငါဟာ ငှက်တကောင်ဆိုရင်တောင်
  • ခိုးနားဖို့ အကိုင်းအခုထိရှာမတွေ့သေးဘူး
  • ငါ့ကိုငါလဲ မရေရာ
  • ငါလမ်းလဲ ငါပျောက်နေတာ
  • အချိန်တွေဘယ်လောက်ကြာနေပြီလဲ
  • ငါမတွေးချင်တော့ပါဘူး
  • ဒါပေမယ့်ငါအတွေးတွေနဲ့
  • ချာချာလည်နေတုန်းပဲ~~~

                          လွမ်းပိုင်ရှင်

Sept
7
2011

ခွင့်လွှတ်စေချင်သည်

  • ချစ်သူတစ်ယောက်
  • စိတ်ကောက်စေသော်
  • ရမ်းသန်းမှန်မျှော် ငါ့ရင်ခွင်က
  • ချစ်ကြူးဖော်ပြ ထင်မြင်သေးလျှက်
  • ငါ့အားအပြစ်မြင်ပါလေရော့
  • မသိကျိုးနွံပြုခဲ့မိပေ
  • စိတ်တော်ညိုးလျှက်ရှက်မိပါ၏
  • အလင်းကိုမှမှောင်စေချင်
  • ပွင့်ပန်းကိုမှညိုးစေလျှက်
  • ဖြူသူကိုလည်းရောင်စုံဆိုးခဲ့
  • ငါ့အပြစ်အား ခွင့်မလွှတ်ကောင်းမှန်း
  • သိနားလည်ကာ တိုးလျှိုးဝန်ခံ
  • အမြင်မှန်လျှက် ကျွံမိသောနှုတ်
  • ပြန်နှုတ်ရကောင်းပေ၏
  • ထိုမျှပင်ရပ်တန့်ကာ
  • မြဲစွာခိုင်ခိုင် စိတ်မယိုင်ဘဲ
  • ညို့အုပ်ကာမှ လင်းပါစေ
  • ဖူးငုံရာမှ လန်းစေလျှက်
  • ရောင်စုံများအား ခ၀ါချခဲ့ပါပြီ
  • ထိုမှပင်လျှင် ခွင့်လွှတ်စေချင်သည်
  • ကောင်မလေးရယ်.....။
                              လွမ်းပိုင်ရှင်

Sept
7
2011

အရာရာဟာ ပြီးပြည့်စုံနေမှာပါ ...

ငါ့ရင်ထဲအေးချမ်းနေမှာပါ .. .. ..

ဆာဆာလောင်လောင် မွတ်ငတ်နေချိန်မှာ

ငါ့အတွက်တော့

စားစရာ ဆိုတာ အလိုအပ်ဆုံးပါ

သောက်စရာ ဆိုတာ

“ရေစက်”တစ်ပေါက်သာရှိနေမယ်ဆိုရင်

ငါ့ဗိုက်ထဲ အငတ်ပြေမှာပါ... ... ...

ပျင်းပျင်းရိရိ ၀မ်းနည်းကြေကွဲနေချိန်မှာ

ငါ့အတွက်တော့

ရယ်စရာ ဟာသ မရှိမဖြစ်လိုအပ်ပါတယ်

အပေါင်းအဖော်သူငယ်ကောင်းသာရှိမယ်ဆိုရင်

ငါအပြုံးတွေ အမြဲဝေဆာနေမှာပါ .. .. ..

“ဒါ”တွေ သာမရှိခဲ့ရင်

အားအင်ခွန်အားဆိုတာ မရှိတော့ပါဘူး

မနက်ဖြန်ဆိုတာ ရေရေရာရာ မတွေးမိပါဘူး

ပျင်းရိထုံထိုင်းစေပြီး ငေးငေးငိုင်ငိုင်နဲ့

အနာဂတ်ကို ရင်မဆိုင်ရဲအောင် ကြောက်ရွံ့နေမှာ

အမှန်ပါပဲ လောကကြီးရယ် ..

ငါ့အတွက်တော့

ဒါတွေနဲ့သာ အရာရာဟာ ပြီးပြည့်စုံနေမှာပါ ...

                                       လွမ်းပိုင်ရှင်

Sept
7
2011

ကိုကိုရယ်ခေါ်သံလေး

ချစ်သူရယ်

နှုတ်ခမ်းက လွင့်စင်လာတဲ့

စကားလုံး အပိုင်အစတွေကြားမှာ

အလူးအလဲ နဲ့အချိန်တိုင်းလိုလို

အမြဲတမ်းလိုလိုကြားယောင်နေတဲ့

မီးလေးခေါ်လိုက်တဲ့ ကိုကိုရယ်.........

ချစ်သူရယ်

ဘာမှမရှိတဲ့ ညတွေထဲမှာ

မီးလေးအကြောင်းတွေတိုင်း

ပြန်လည်ကြားယောင်နေတာ

မီးလေးခေါ်တဲ့ ကိုကိုရယ်ပါ......

ချစ်သူရေ

မီးလေးနဲ့တွေ့ဆုံတိုင်း

အမြဲလိုလို ကြားချင်မိတာ

မီးလေးခေါ်မယ့် ကိုကိုရယ်ပါ

ချစ်သူရေ

ချစ်လိုက်တာလို့ပြောတိုင်း

မီးလေးပြောနေကျ ကိုကိုရယ်ပါ

ချစ်သူရေ

လွမ်းလိုက်တာလို့ပြောချင်တယ်

ဒါပေမဲ့

အမြဲလိုလို နားထဲကမထွက်တာ

မီးလေးအမြဲပြောနေကျ ကိုကိုရယ်ပါ......။

                                                                               လွမ်းပိုင်ရှင်

 
Panel title

© 2017 lovetheworld

Antal besøg: 11918

Lav en gratis hjemmeside på Freewebsite-service.com

Editing

-1,6641228199005sekunder